ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

 

ထားဝယ် နိုဝင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့ အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၆) အခြေခံပညာအထက် တန်းကျောင်းနှင့် ဌာနဆိုင်ရာရုံးများသို့ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများများ၊ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို လာရောက်အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာ ဗဟုသုတ များစွာရရှိမည့် သုတ/ရသစာအုပ်စာစောင်များ (၄၀၀) အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို (၃)ရက်လျှင်တစ်ကြိမ် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်လတ်