ကြို့ပင်ကောက်မြို့၌ ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်

ကြို့ပင်ကောက် နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံ/သိုလှောင်ရုံများနှင့် မီးဘေးအန္တရာယ်စိုးရိမ်ရသည့်လုပ်ငန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းများကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စက်ရုံ/အလုပ်ရုံ/သိုလှောင်ရုံများနှင့် မီးဘေးအန္တရာယ်စိုးရိမ်ရသည့်လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်ရုံ/အလုပ်ရုံ/သိုလှောင်ရုံများတွင် မီးသတ်ဆေးဘူးများထားရှိနိုင်ရေး ရေပုံး၊ သဲပုံး၊ မီးချိတ်၊ မီးကပ်များ ထားရှိနိုင်ရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းစေရေး စက်ရုံ/အလုပ်ရုံ/သိုလှောင်ရုံများအနီးတဝိုက် ရေရရှိရေး ဆောင်ရွက်ထားရှိမှုများအားစစ်ဆေး၍ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်ရန်နှင့်ဝန်ထမ်းများအနေဖြင့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့တွင် ၂၀၂၄ ခုနှစ် ပွင့်လင်းရာသီတွင် မီးလန့်မှုများရှိခဲ့သော်လည်း စက်ရုံ/အလုပ်ရုံ/သိုလှောင်ရုံများ၊ အဆောက်အဦးများတွင် မီးလာင်မှုမီးလန့်မှုလုံးဝမရှိခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)