မုံရွာ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေများ ပိုမိုလေ့လာဖတ်ရှုစေရန်အတွက် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က မုံရွာမြို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း သလ္လာဝတီခန်းမတွင် လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါစိုးက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းအားဖြင့် စာဖတ်စွမ်းရည်များ၊ စာပေရေးသားမှုစွမ်းရည်များ၊ အပြောစွမ်းရည်များ၊ နားထောင်မှုစွမ်းရည်များ မြင့်မားလာကာ တီထွင်မှုစွမ်းရည်များ ပိုမိုရရှိစေကြောင်း အမှာစကားပြောကြားခဲ့ပြီးနောက် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဉီးမြင့်နိုင်စိုးက အနာဂတ်မျိုးဆက်သစ်ကျောင်းသား လူငယ်များ ဘက်ပေါင်းစုံထူးချွန်ထက်မြက်စေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာပေဗဟုသုတများရရှိပြီး ပူးပေါင်းပါဝင်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူးက ဦးဆောင်ပြီးလူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသား ကျောင်းသူများဖြစ်သော မခတ္တာနွယ်က “လူငယ်နှင့်မူးယစ်ဆေးဝါး”၊ မအေးစုဝတီမောင်က “လူငယ်နှင့်စာပေ”၊ မောင်ထူးမြတ်အောင်က “လူငယ်နှင့် အားကစား”၊ မောင်ခန့်နန္ဒအောင်က “လူငယ်နှင့်နည်းပညာ” စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်စကားဝိုင်းအသိပညာပေး ဆွေးနွေးပွဲမှတ်တမ်းများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)