တောင်တွင်းကြီးမြို့နယ်ရုံး Community Centre ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်

တောင်တွင်းကြီး နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ရုံးဝန်ထမ်းများအား  ရုံးစာရေးသားရာတွင် နည်းစနစ်ကျစွာ ရေးသားတတ်စေရန်ရည်ရွယ်၍ “ရုံးစာရေးသားနည်းသင်တန်း”ကို ယမန်နေ့ နေ့လယ်ပိုင်းက ဖွင့်လှစ်သင်ကြားပို့ချသည်။

ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များ၊ ရုံးစာရေးသားနည်းအမျိုးအစားများ၊ ရုံးစာရေးသားနည်းတွင် အသုံးပြုရမည့်ခေါင်းစဉ်များ၊ ရုံးစာရေးသားရာတွင် လိုက်နာရမည့် အထားအသိုအကွာအဝေးများစသည့် ရုံးစာရေးသားနည်းဆိုင်ရာများကို စာတွေ့လက်တွေ့ပို့ချပြသရာ ဝန်ထမ်းများက စိတ်ပါဝင်စားစွာဖြင့် တက်ရောက်သင်ယူခဲ့ကြသည်။

အဆိုပါသင်တန်းကို တောင်တွင်းကြီးမြို့နယ်ရုံးရှိ ဝန်ထမ်းများမှတက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလ နှစ်ရက်ကြာ စာတွေ့လက်တွေ့ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)