မအူပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသ

မအူပင် နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ထို့သို့ အသိပညာပေး ဟောပြောရာတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက မူးယစ်ဆေး၏ အန္တရာယ်နှင့်ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာ အကြောင်းအရာများ၊ လူကုန်ကူးခံရခြင်း၏ အခြေခံသဘောတရားများနှင့် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားရေးအတွက် ကျောင်းပြင်ပစာပေများအပြင် အခြားစာအုပ် စာစောင်များကို လေ့လာဖတ်ရှုကြရေးတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)