ဒေးဒရဲ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ယမန်နေ့ နိုဝင်ဘာ (၂၆)ရက်နေ့မှစတင်၍ ကျင်းပဆောင်ရွက်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအားတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်း၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးကျော်မင်းယု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမွန်မြတ်သူစိုးတို့က ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူရည်ချွန်မောင်မယ်များ၊ ကျောင်းသား/သူများ ခြံရံလျက် ပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့သည် ကရဝိက်ခန်းမတွင် ကျောင်းသား/သူများ၏ “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့် “နိုင်ငံတော်အကျိုးအတွက် မှန်းမျှော်ရည်ခိုင်မာတိုးတက်စေရမည်” ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပခြင်းသည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများနှင့် ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်မှ အလေ့အထဖြစ်ပေါ်လာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားလာစေရန် စသည့်ရည်ရွယ်ချက်များနှင့် ပွဲတော်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း တစ်နိုင်ငံလုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာတတ်သူတိုင်း စာဖတ်စေရေးတို့အတွက် အားလုံးက ဆက်လက်စည်းရုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့က ပွဲတော်အတွင်းကျင်းပဆောင်ရွက်နေသည့် ကာယ၊ ဉာဏပြိုင်ပွဲများ၊ ကျောင်းသား/သူများ၏ စာပေဖတ်ရှုလေ့လာနေမှုများ၊ ဌာနဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ပွဲတော်တွင် ပါဝင်အားဖြည့်ကူညီခဲ့ကြသည့် ဘင်ခရာ၊ ပန်းပွား၊ ကရင်ဒုံးယိမ်းနှင့် ဝါးညှပ်အကအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား နိုဝင်ဘာ (၂၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၂) ရက်တာ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ ဆရာ/မများကလည်း တပျော်တပါးပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)