မြောင်းမြ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၂း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားရေးဆရာမ ဒေါက်တာမြင့်မြင့်ခင် ရေးသားသည့် "ရှေ့တန်းရောက်ကျန်းမာရေးပြဿနာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဒု-ဥက္ကဋ္ဌ ဒေါ်ခင်မာဝင်းက "တစ်သက်တာဘဝခရီး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်မေသဇင်က "လူအိုကမ္ဘာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အုန်းအုန်းလွင်က "သွေးတိုးရောဂါအကြောင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး၊ တက်ရောက်လာသူများကလည်း စာအုပ်ပါ အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊လူငယ်များ၊ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ ပြပွဲ၊ပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)