ကန့်ဘလူ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားမှူး ဒေါ်နန်းမြင့်က ကျောင်းသားကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ၊ လူကုန်ကူးခြင်းဖြစ်လာနိုင်သည့် လူသစ်စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လက်ခံထားခြင်း အသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှုသားကောင်ဖြစ်လာနိုင်ပုံ၊ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ်လုပ်ကိုင်ရန် ရောင်းချခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းများ၊ လူကုန်ကူးခြင်းသည် ဥပဒေကိုဆန့်ကျင်ပြီး မှားယွင်းသည့်လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့်နည်းလမ်းများ၊ လူကုန်ကူးမခံရရေး အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပါ အကြောင်းအရာများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)