လက်ပံတန်း၌ ဆန်စက်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

လက်ပံတန်း နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း ဆန်စက်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့​ ဆောင်ရွက်ရာတွင် လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးလင်း​ကျော်နှင့် မြို့နယ် ရုံး/စခန်းရှိ တပ်ဖွဲ့ဝင်များမှ လက်ပံတန်းမြို့နယ်အတွင်းရှိ ဆန်စက်များ  မီးဘေးလုံခြုံရေးအတွက် ပတ်ဝန်းကျင်ရှိ လောင်စာအမှိုက်များ ရှင်းလင်းထားရန်၊ ခွင့်ပြုချက်မရှိဘဲ လောင်စာဆီ သိုလှောင်ခြင်း ရောင်းချခြင်းမပြုရန်၊ မီးလောင်ကျွမ်းမှု မီးလန့်မှုများ မဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးအတွက် ရေပုံး၊ သဲပုံး၊ မီးချိတ် မီးကတ်၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုရန်၊ ထမင်းဟင်းများ ချက်ပြုတ်ပြီးပါက မီးဖိုချောင်အတွင်းရှိ မီးကြွင်းမီးကျန်များအား စနစ်တကျ စွန့်ပစ်အသုံးပြုရေး၊ ဈေးဆိုင်တွင် လူမရှိသည့်အခါ လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ မှတ်သားထားရှိရန်၊ မီးလောင်မှုများ ဖြစ်ပွားပါကလည်း ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်မီ မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ပစ္စည်းကိရိယာဖြစ်သည့် မီးသတ်ဆေးဘူးများဖြင့် ဆန်စက်လုပ်သားများအား ကိုယ်တိုင်လက်တွေ့မီးငြှိမ်းသတ်ပြသခြင်းများသရုပ်ပြ ပြုလုပ်ပေးခဲ့ပြီး မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း (ပြန်/ဆက်)