ချောင်းသာ နိုဝင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ကမ်းနီး/ကမ်းဝေးငါးဖမ်းလုပ်ငန်း လုပ်ဆောင်ရွက်ကြသူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းနှင့် ငါးဖမ်းစက်လှေပေါ်တွင် ပြင်ဆင်ထားရှိရမည့် အချက်များအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် ချောင်းသာမြို့တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီး ကြပ်(၁)ဦးထွန်းအောင်ကိုက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများ၊ ကူးစက်နိုင်သည့် နည်းလမ်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအား အိမ်တွင်းကုသနည်းများနှင့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် လိုက်နာရှောင်ကြဥ်ရမည့် အချက်များနှင့် ငါးဖမ်းစက်လှေများတွင် ဆောင်ရွက်ထားရှိရမည့် ရေသန့်ဆေး၊ ဓာတ်ဆားထုတ်နှင့် ဆေးဝါးများ အကြောင်းကို အကျယ်တဝံ့ ရှင်းလင်းအသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကမ်းနီး/ကမ်းဝေးငါးဖမ်းစက်လှေပိုင်ရှင်များနှင့် ရေလုပ်သားများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများ၏ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါနှင့် ပက်သက်ပြီး သိရှိလိုသည့် ဆွေးနွေးမေးမြန်းမှုများကို ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြာင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)