ပိုင်ကျုံ နိုဝင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့က စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အသင်းအဖွဲ့ဝင်များပူးပေါင်း၍ သုပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၄၉)၊ အမှတ်(၇) စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင်ဒေါ်ကြာစေးက စာအုပ်ပါကဏ္ဍတစ်ခုဖြစ်သည့် မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် စာရေး ဆရာ ဒေါက်တာမြင့်သန်းထွန်းရေးသားသည့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ခေါင်းစဉ်ပါ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး နော်ဒီးနာမူးက မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ စိတ်ကိုပြောင်းလဲစေသောဆေးနှင့် စွဲလမ်းစေတတ်သောဆေးဝါးများ စသော အချက်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒေါ်မသန်းအောင်က အရက်သောက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ဆွေးနွေးပြီးနောက် ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့်အဖွဲ့ဝင်များတို့မှ မိမိတို့သိရှိသည့် အသိပညာများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပါအကြောင်းအရာများကို စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များအနေဖြင့် အသိပညာဗဟုသုတများစွာ ရရှိလာပါကြောင်း အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
နော်ခူး(ပြန်/ဆက်)