တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဘုတ်ပြင်းမြို့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်ကြည့်ရှုအားပေး

ဘုတ်ပြင်း နိုဝင်ဘာ ၂၆

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာ ဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်(၉)နာရီတွင် ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်နှင့် တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ကျောင်းသား/သူများက ကဗျာလွတ်အက၊ ဘင်ခရာနှင့် ပန်းပွားအက၊  လှလိုက်တဲ့တနင်္သာရီ သီချင်းဖြင့် ကပြဖျော်ဖြေနေမှုတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများကို အဖွဲ့အလိုက်ချီးမြှင့်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် ဒေသတွင်းလူငယ်ရေးရာ အသိပညာပေး လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံပြဘုတ်၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြဘုတ်များ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ၊  အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၊ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ မြန်မာသဒ္ဒါသတ်ပုံအမှန်ရွေးပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အားကစားအနေဖြင့် ခါးကွင်းလှည့်ကစားနည်း၊ အိတ်စွတ်ပြေးကစားနည်း၊ စာလုံးဆက်ကစားနည်း၊ အာလူးကောက်ကစားနည်း၊ ခွက်နင်းကစားနည်းများနှင့် စာအုပ်များ ရောင်းချနေမှုကို  လှည့်လည်ကြည့်ရှု အားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါဝင်ယှဉ်ပြိုင်သော ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ခဲ့သည်။

ယနေ့ကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်သို့ အ.ထ.က-ဘုတ်ပြင်းကျောင်းမှ ကျောင်းသား/သူများ၊ အ.ထ.က-အောက်လိပ်ကျောင်း၊ အ.ထ.က-တောင်ဒဂုံကျောင်းနှင့် မြင့်မိုရ်ကိုယ်ပိုင်မူလတန်းကျောင်းမှ လေ့လာသူ(၁၀၀)ဦး၊ စုစုပေါင်း(၁၂၀၀)ဦးခန့် တက်ရောက်ကြသည်။ ပွဲတော်လာ ကျောင်းသား/သူများက ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြဘုတ်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကာ ပြိုင်ပွဲများတွင် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲကြသည်။ မွန်းလွဲ ၁နာရီတွင် စာပေဟောပြောပွဲ၌ စာရေးဆရာ အန်ကယ်ပညာက မိဘကျေးဇူးအကြောင်းကို ဟောပြောပေးသည်။ ပွဲတော်၌ ပြိုင်ပွဲဝင်များနှင့် ဆုရရှိသူများကို နိုဝင်ဘာ ၂၇ ရက်နေ့တွင် ဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဝင်းအတွင်း အသစ်တည်ဆောက်မည့် နဝရတ်ခန်းမ ပန္နတော်တင်မင်္ဂလာ အခမ်း အနားကို တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်အနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုပြီး  ကျောင်းဆောင်သစ်နေရာကို မင်္ဂလာအချိန် ကျရောက်သည်နှင့်တစ်ပြိုင်နက် ပန္နက်တော်တင်ခဲ့ကာ ပန္နက်တော်တိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)