ကလိန်အောင်မြို့၌ ပွင့်လင်းရာသီချိန်တွင် ဒေသထွက်မျှစ်ချဉ်များ အရောင်းအဝယ်ကောင်း

ကလိန်အောင် နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ဒေသတွင် ပွင့်လင်းရာသီချိန်၌ ဒေသထွက်စားသောက်ကုန်တစ်ခုဖြစ်သည့် မျှစ်ချဉ်လုပ်ငန်းမှလည်း ပြန်လည်၍ အရောင်းအဝယ်ကောင်းလာကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူထံမှ သိရသည်။

ကလိန်အောင်မြို့ဒေသ၌ မိုးရာသီကာလ မျှစ်ပေါ်ချိန်တွင် မျှစ်ချိုးရောင်းချနေသူမျာထံမှတစ်ဆင့် ပြန်လည်၍ မျှစ် (ကုန်ကြမ်း) များကို ဝယ်ယူကာ မျှစ်ချဉ် (ကုန်ချော) အဖြစ် စျေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

ကလိန်အောင်မြို့ ဒေသတွင် ဝါးပိုးမျှစ်၊ မဲနယ်မျှစ်၊ ကျစ်ခတ်မျှစ်၊ ပြင်မျှစ်၊ဝါးယားမျှစ်၊ တစ်ပင်တိုင်မျှစ်ဟူ၍ အမျိုးအစားရှိပြီး မျှစ်ချဉ်ထည့်ရာတွင် အများဆုံးအသုံးပြုတဲ့မျှစ်မှာ ပြင်မျှစ်ဖြစ်ကြောင်း ကလိန်အောင်မြို့ရှိ မျှစ်ချင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“မျှစ်ချင်ကတော့ ဒီဒေသရဲ့ အစားသောက်ထွက်ကုန်တစ်ခုဖြစ်တဲ့အတွက် ရောင်းရပါတယ်၊ အခုက ပွင့်လင်းရာသီကာလဆိုတော့ ရပ်ဝေးကခရီးသွားဧည့်သည်တွေက အိမ်ပြန်အမှတ်တရလက်ဆောင်ပစ္စည်းအဖြစ် ဝယ်ယူတာကြောင့် ပိုမိုရောင်းချရတယ်” ဟု မျှစ်ချင်ရောင်းချနေသူတစ်ဦးက ပြောသည်။

အဆိုပါ မျှစ်ချဉ်ထည့်ရာတွင် မျှစ် (ကုန်ကြမ်း) စျေးနှုန်းတစ်ပိဿာကို ငွေ ၁၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူရပြီးမျှစ်ချဉ် (ကုန်ချော) တစ်ပိဿာ တစ်ထုပ်ကို ငွေ ၂၅၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချရသည်။

ကလိန်အောင်မြို့ဒေသ၏ ထွက်ရှိသော မျှစ်ချဉ်များကို ထမင်းဆိုင်များနှင့် ကားဂိတ်ဆိုင်တန်းများတို့တွင် ရောင်းချလျက်ရှိပြီး ထားဝယ်မြို့သို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)