ရေတာရှည် နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာနှင့်ကျ ပန်းစကား ပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ရေတာရှည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာပြိုင်ပွဲစသဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၃၇)ဦး၊ ကဗျာပြိုင်ပွဲတွင်အလယ်တန်းအဆင့်(၂၅)ဦး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာကျောင်းအသီးသီးမှ အထက်တန်းကျောင်းသား၊ ကျောင်းသူ(၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှကျောင်းသူ၊ ကျောင်းသား စုစုပေါင်း(၉၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင်ကျောင်းသူကျောင်းသားများနှင့် အုပ်ထိန်းသူမိဘများ၊ အကဲဖြတ်ဒိုင်ဆရာဆရာမများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)