ဟုမ္မလင်း၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

ဟုမ္မလင်း နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို  ယမန်နေ့နံနက်(၉)နာရီအချိန်က အ-ထ-က(၁)ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ဟုမ္မလင်းအ-ထ-က(၁) ကျောင်းသား/သူများက "ဇာတိမာန်သီချင်း​ "သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲဝင်းက ဖတ်ကြားခဲ့သည်။

ဆက်လက်၍ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်/အလယ်တန်းအဆင့်/မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိသည့်ကျောင်းသား/သူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများက ​မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြောင်းနှင့်  အခမ်းအနားတွင် ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တက်ရောက်လာကြသူများအား (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ဟုမ္မလင်း(ပြန်/ဆက်)