ဖောင်းပြင်မြို့၌ (၁၀၄) နှစ်‌မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ဖောင်းပြင် နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီအချိန်က ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားအား အ.ထ.က(ဖောင်းပြင်)မှ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖောင်းပြင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးကျော်စိုးထွန်းက ဖတ်ကြားသည်။

ထို့နောက် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ရာ မူလတန်းအဆင့်တွင် ဆုရရှိသူများအား မြို့နယ်ပညာရေးမှူး ဦးဝင်းညွှန့်ကလည်းကောင်း၊ အလယ်တန်းအဆင့်တွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသိန်းဆွေကလည်းကောင်း၊ အထက်တန်းအဆင့်တွင် ဆုရရှိသူများအား မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကျော်စိုးထွန်းကလည်းကောင်း ဆုမျာအသီးသီးးပေးအပ်ချီးမြှင့်ကြကာ အခမ်းအနားကို မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုပိတ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အ.ထ.က ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)