ပခုက္ကူမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပခုက္ကူ နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဖတ်ကြားသည်။

ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီမြှင့်ကြသည်။

အဆိုပါ အခမ်းအနားတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများတက်ရောက်ကြပြီး ကျောင်းသား၊ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၄ ခုနှစ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)