မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ တိကျစွာလိုက်နာကြရေးအသိပညာပေး ဟောပြောပွဲအရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

မြဝတီ နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာတိကျစွာလိုက်နာကြရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်သည်။

ဟောပြောပွဲတွင် အမှတ်(၇၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြဝတီ)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်လင်းဌေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win  အစီအမံငါးရပ်တွင် ပါဝင်သည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနှင်စဉ် သိရှိလိုက်နာရမည့်အချက်များ၊ ဂရုပြုရမည့် လမ်းညွှန်အမှတ်အသားများ၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်းနှင့် အရက်သေစာသောက်စားမောင်းနှင်ခြင်း  မပြုကြရေးသတ်မှတ်ဧရိယာအတွင်း မောင်းနှင်ရမည့် မိုင်နှုန်းများ၊ ဆိုင်ကယ်စီးနင်းရာတွင် နှစ်ဦးထက်ပိုမိုတင်ဆောင်ခြင်း မပြုကြရေးနှင့် မော်တော်ဆိုင်ကယ်များတွင် ဘေးတွဲတပ်ဆင်အသုံးပြုခြင်းကို  တရားဝင်ခွင့်ပြုထားခြင်းမရှိ၍ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရေးကို ထိခိုက်စေပြီးဆိုးကျိုးနှင့်အသက်အန္တရာယ်များစွာဖြစ်ပေါ်နိုင်ကြောင်းတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်း‌ဟောပြောပေးပြီး စည်းကမ်းချက်နှင့်အညီမလိုက်နာသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေများနှင့်အညီ  အရေးယူဆောင်ရွက်ခြင်းများ  ပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက်တက်ရောက်ကြသည့် ရပ်ကွက်ပြည်သူများက သိရှိလိုသည့်အချက်များ မေးမြန်းကြရာ တာဝန်ရှိသူက ပြန်လည်ဖြည့်စွက်ဖြေကြားပေးပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။ အလားတူ မြဝတီမြို့နယ်အတွင်း ကျန်ရှိသည့်ရပ်ကွက်များတွင်လည်း အသိပညာပေး ဟောပြောပွဲများကို  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)