ကျုံပျော်တွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပပြုလုပ်

ကျုံပျော် နိုဝင်ဘာ  ၂၆

 

လူငယ်များ အမျိုးသားရေးစိတ်ဓာတ် အစဉ်ထက်သန် နိုးကြားစေရန်နှင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိပြီး တိုင်းပြည်ဖွံ့ဖြိုးရေးတွင် အမျိုးသားရေးအားမာန်များဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန်အတွက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်က  ဖတ်ကြားသည်။

ထို့နောက် အခြေခံပညာကျောင်းများ အသီးသီးတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲများ၌ မြို့နယ်အဆင့်ဆုရရှိကြသော ကျောင်းသားကျောင်းသူ(၆)ဦးတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်  တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆိုကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)