ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စားသုံးဆီဖူလုံစေရေး နေကြာသီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်

ရှမ်းရွာသစ် နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ နေကြာသီးနှံစိုက်ပျိုးရေးနှင့် အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် စားသုံးဆီဖူလုံစေရန် ရည်ရွယ်၍ နေကြာသီးနှံများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကွီးလေးကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်မောင်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ နေကြာသီးနှံစိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စိုက်ပျိုးပုံနည်းလမ်းများ၊ နေကြာသီးနှံစိုက်ပျိုးသည့် ရည်ရွယ်ချက်များစသည့် နေကြာသီးနှံ စိုက်ပျိုးရေးနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် ကွီးလေးကျေးရွာအုပ်စုရှိ နေကြာစိုက်ပျိုးမည့် တောင်သူများအား လယ်ဧက (၃၅)ဧက အတွက် နေကြာသီးနှံ (၃၅)အိတ်ကို တောင်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေထားသော နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တောင်သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)