ကမမောင်းမြို့၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ

ကမမောင်း နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖာပွန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ဖတ်ကြားသည်။ ထို့နောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှုး၊ ခရိုင်ပညာရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူး၊ ခရိုင်/ မြို့နယ်/ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကမမောင်း(ပြန်/ဆက်)