ကော့သောင်းမြို့တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

ကော့သောင်း နိုဝင်ဘာ ၂၆

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့၊ ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်သည့်(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို (အထက-၁)ကျောင်းမှကျောင်းသား၊ကျောင်းသူများက  ဇာတိမာန် သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့်(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးအောင်က ဖတ်ကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့်အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြပြီး ယင်းနောက် အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)