(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့်အခမ်းအနား ပြည်မြို့၌ ကျင်းပ

ပြည် နိုဝင်ဘာ ၂၆

၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် (တိုင်းဒေသကြီးအဆင့်) အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြည်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပဲခူးတိုင်း(အနောက်) အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်မြို့ အ.ထ.က (၁) ကျောင်းသား၊ ကျောင်းသူလေးများ၏ “ဇာတိမာန်” တေးသီချင်း သီဆိုဖျော်ဖြေမှုဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ဖတ်ကြားသည်။

ထို့နောက် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ပထမဆုရ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ပြည်မြို့ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများ၏ “မြန်မာ့ကျောင်း” တေးသီချင်းသီဆိုဖျော်ဖြေပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားကို ပဲခူးတိုင်း(အနောက်ပိုင်း) တိုင်းဒေသကြီးပညာရေးမှူး (ရုံးခွဲ)က ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)