ဘားအံ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အခမ်းအနားကို ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကြွေးကြော်သံသီချင်း၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြပြီး ခင်းကျင်းပြသထားသော အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆုရစာစီစာကုံး၊ ပန်းချီလက်ရာများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ၂၀၂၄ ခုနှစ်၊ ပဉ္စစမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်ကိုယ်စားပြု ကရာတေး၊ တိုက်ကွမ်ဒို အားကစားအဖွဲ့များ၏ သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ကိုယ်စားပြု ကရာတေး၊ တိုက်ကွမ်ဒိုအားကစားသမားများနှင့် နည်းပြအုပ်ချုပ်သူများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ကရာတေးအားကစားအဖွဲ့နှင့် တိုက်ကွမ်ဒိုအားကစားအဖွဲ့များက သရုပ်ပြတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရာတေးအားကစားအဖွဲ့အားကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူများ၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့ အားကစားသမားများ၊ နည်းပြ၊အုပ်ချုပ်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)