ငဖဲ နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းသီဆို၍ ဖွင့်လှစ်ပြီး ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန် ရှိသူများက ဆုများချီးမြှင့်ပေးအပ်သည်။
ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)