ပုလောမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေးဟောပြော၍ကျောင်းသား/သူများအား သားအိမ်ခေါင်း ရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ကာကွယ်ဆေးထိုးနှံပေး

ပုလော  နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုလောမြို့၊ အမှတ်(၆) အခြေခံပညာကျောင်း၌  ယနေ့နံနက်ပိုင်းက အသိပညာပေးဟောပြောခဲ့၍ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဟောပြောရာတွင် ပြည်သူ့ကျန်းမာရေးဌာန၊ မိခင်နှင့်ကလေး သူနာပြုဆရာမ ဒေါ်ဆုရည်မော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများသည်  ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါသည် ရောဂါပိုးပါရှိသည့် မသန့်ရှင်းသောရေနှင့်အစားအစာများ စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားစေနိုင်ကြောင်း၊ ကာလဝမ်းရောဂါပိုးသည် ရောဂါဖြစ်သူထံမှ စွန့်ပစ်သော မစင်တွင်ပါဝင်ကြောင်း၊ ဝမ်းလျှောရောဂါပြင်းထန်းသောအခါ ခန္ဓာကိုယ်အတွင်းမှ ရေနှင့်ဓာတ်ဆားများ လျှင်မြန်စွာကုန်ခမ်းသွားသောကြောင့် အရည်ခမ်းခြောက်ခြင်းကိုဖြစ်စေကြောင်း၊ ရောဂါပြင်းထန်ပြီး အချိန်မီဆေးကုသခံယူခြင်းမရှိပါကအသက်ဆုံးရှုံးနိုင်ကြောင်းနှင့် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို အသိပေးဟောပြောပြီး၊  ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး အသက်အရွယ်အလိုက် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အလားတူ ပုလောမြို့နယ် ပြည်သူကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးသူနာပြုအဖွဲ့ဝင်များသည်အဖွဲ့များခွဲ၍ အမှတ်(၇)၊ အမှတ်(၈)အခြေခံပညာ မူလတန်းကျောင်းများသို့ သွားရောက်၍ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများပြုလုပ်၍ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)