မြိတ်မြို့တွင် (၁ဝ၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

မြိတ် နိုဝင်ဘာ ၂၅

အမျိုးသားရေးစိတ်ဓာတ်နှင့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်များ ဖြစ်ထွန်းစေခဲ့ပြီး ပြည်သူလူထုကို နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော (၁၀၄)နှစ်ရှိခဲ့ပြီဖြစ်သည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုင်ငံတစ်ဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အ.ထ.က(၁) ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူများက “ဇာတိမာန်” သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က ဖတ်ကြားသည်။

ထိုနောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းသီဆို၍ ရုပ်သိမ်းခဲ့ကြသည်။

အခမ်းအနားတွင် တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့်(၁၀၄)နှစ်မြောက် အမျိုးအားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြိတ်ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ဝေငှပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )