မိုးညိုမြို့နယ်၌ (၁၀၄)နှစ်‌မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းနားကျင်းပ

မိုးညို နိုဝင်ဘာ ၂၅

(၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို) သရဖူခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။       

ရှေးဦးစွာ အ.ထ.က(မိုးညို)မှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်"သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်က ဖတ်ကြားခဲ့သည်။

ထို့နောက် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင်မြို့နယ်အဆင့်ဆုရ‌ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်‌‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့်သီဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းနှင့်ဝန်ထမ်းများက (၁၀၄)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)