ကန့်ဘလူ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်” သီချင်း သီဆိုဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုရရှိသူများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)