သာယာဝတီ နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်အတွင်းသီးနှံများ အဓိကပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်ကြီးများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နည်းပညာဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အင်းရွာတောင်သူပညာပေးစခန်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ သာယာဝတီခရိုင် ဦးစီးမှူး ဒေါ်ညိုညိုသိမ်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုတို့က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် သာယာဝတီခရိုင်ဦးစီးမှူးရုံးတို့မှ ပညာရှင်များက မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲနှင့် နေကြာသီးနှံများ၏ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး အတွက်စိုက်ပျိုးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်များပြောင်းလဲသုံးစွဲရေး၊ သွင်းအားစုများအချိန်ကိုက်အချိုးကျသုံးစွဲရေး၊ ပိုးမွှားရောဂါကာကွယ်ရေးနည်းပညာများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဒေသခံတောင်သူများတက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)