ကျောင်းကုန်း နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့မရဲစခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းက လျှပ်စစ်မီးကြိုးများဟောင်းနွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်ဖို့၊ မီးပလပ်ခုံ၌မီးသုံးစွဲသည့်မီးခေါင်းများ၊ မီးအားသွင်းကြိုးများ အလွန်အကျွံတပ်ဆင်မထားဖို့၊ EV ကားများ မီးလောင်လျှင် မီးငြိမ်းသတ်ဖို့ နိုင်ငံခြားမှ မှာယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ရဲတပ်ဖွဲ့နေအိမ်လိုင်းခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြသည်။
အဆိုပါ မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်နိုင်ဦးနှင့် မြို့မစခန်းမှူး ဒုရဲမှူး ဇော်ဝေလင်းတို့ကြီးကြပ်၍ အရာရှိ၊ အရာခံအကြပ်တပ်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များက လေ့ကျင့်ခဲ့ကြကြောင်းသိရသည်။ ဆက်လက်၍ မင်းမနိုင်ရဲကင်းစခန်းနှင့် ဒေါင့်ကြီးနယ်မြေရဲစခန်းတို့၌လည်း မီးငြိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)