ဟင်္သာတ နိုဝင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ဥယျာဉ်မြောက်ရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း (ယခင်အမျိုးသားအထက်တန်းကျောင်း)ရှိ “အမျိုးသား” ခန်းမ၌ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၇ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများမှ “ဇာတိမာန်”သီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသားကျောင်းသူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင် (ပြန်/ဆက်)