ပခုက္ကူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၇၃၂ ဦးအား ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပြီးစီး

ပခုက္ကူ နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကျောင်းအခြေပြုဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၂၇၃၂ ဦးတို့အား ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။        

အဆိုပါရောဂါကာကွယ်ဆေးများ ထိုးနှံပေးမှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းသူရမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားသည့် အသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေး(DT) ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းများကို နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်ကြကြောင်း၊ ထိုသို့ဆောင်ရွက်ရာ ယနေ့အထိ ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေး(DT)ကို ကျောင်းသား၊ ကျောင်းသူ ၁၉၅၆ ဦးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ကို ကျောင်းသူ ၇၇၆ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၇၃၂ ဦးတို့အား ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရန် ရည်မှန်းဦးရေမှာ ၄၈၁၀ ဦးဖြစ်ပြီး ကျန်ရှိနေသေးသည့် ကျောင်းသား၊ ကျောင်းသူ ၂၀၇၈ တို့ကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ