လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးအခြေခံပညာအထက်တန်းကျောင်း၏ (၂၆၀ ပေ x ၃၁ ပေ ) ချစ်သူမေတ္တာ RCC နှစ်ထပ်ကျောင်း ဆောင်သစ်ဖွင့်

ဘားအံ နိုဝင်ဘာ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ နောင်ဘိုကြီးအခြေခံပညာအထက်တန်းကျောင်း၏ (၂၆၀ ပေ x ၃၁ ပေ) ချစ်သူမေတ္တာ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်တည်နေရာ၌ ကျင်းပသည်။

ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသော ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဒေါက်တာဘဒ္ဒန္တဇောတိကအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး စောချစ်သူနှင့်ဇနီးနန်းခင်လှသူ မိသားစုမှဆောက်လုပ်လှူဒါန်းသော ကျောင်းဆောင်သစ်၊ ပရိဘောဂနှင့်ဆိုလာမီးတို့အား နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာဘဒ္ဒန္တဇောတိက၊ မဲဆမိတ်ကျောင်း ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒရ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဗဟို အကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့အထွေထွေအတွင်းရေးမှူးစောချစ်သူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဆောင်သစ်ကမ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ဆရာတော်ကြီးများ၊ တက်ရောက်လာသူများနှင့်အတူ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာဘဒ္ဒန္တဇောတိကက ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ဩဝါဒကထာမြွတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာကြသော ကျောင်းကော်မတီ၊ အကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏သားသမီးပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင် တိုက်တွန်းလမ်းညွှန်ပေးရန်နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ပညာရည်ထူးချွန်ပြီး နိုင်ငံအတွက်အားထားရသော ဗလငါးတန်နှင့်ပြည့်စုံသည့် တပည့်ကောင်းများပေါ်ထွက်အောင် သင်ကြားပေးကြရန် တိုက်တွန်းပြောကြားကာ အလှူရှင်အထွေထွေအတွင်းရေးမှူးစောချစ်သူက အမှာစကားပြောကြားသည်။

ထို့နောက် အလှူရှင်ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး စောချစ်သူက ကျောင်းဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျောင်းအကျိုးတော်ဆောင်မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအပြီးတွင် ကြွရောက်ချီးမြှင့်တော်မူကြသော ဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်စောချစ်သူတို့က နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)