စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ နယ်၊ တိုက်ရံကျေးရွာ၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် လဟယ်မြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မုံရွာ  နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ တိုက်‌ရံကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင်ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မ တီနှင့် တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ်(၅/၂၀၂၄)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားခဲ့ပြောကြားပြီး တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ်(၅/၂၀၂၄) ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းတွင်အသုံးပြုသွားမည့် လယ်ယာသုံးလက်တွန်းထွန်စက်များနှင့် မြေဖွစက်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၄)တွင် လဟယ်မြို့နယ်အတွင်းရှိ တိုက်ရံကျေးရွာ၊ အံ့ပေါ်ကျေးရွာ၊ ဝုန်ညူးနောင်ကျေးရွာနှင့် လကျန်းကျေးရွာစုစုပေါင်း (၄) ရွာတို့မှ သင်တန်းသား (၂၀) ဦး တက်ရောက်သွားမည်ဖြစ်ကာ သင်တန်းကာလ ရက်သတ္တပတ် (၂) ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာရှိ ဒေသခံတောင်သူများ စားရေရိက္ခာဖူလုံစေရေးအတွက်  တိုင်းဒေသကြီးအစိုးရအဖွဲ့ရမှလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် လယ်ယာအမြေ ၁၉၀ ဧကအတွင်းရှိ စိုက်ပျိုးထားသည့် မိုးစပါးများရိတ်သိမ်းနေမှုအခြေအနေများနှင့် စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပြီးစီးမှုနှင့် ဆောင်သီးနှံစိုက်ပျိုးရန်အတွက် ပြင်ဆင်ရန်လိုအပ်မှုများအား ကြည့်ရှုစစ်ဆေးပြီး ရေရရှိသည့်နေရာများတွင် နှစ်သီးစိုက်ပျိုးရေးနှင့် ရာသီအလိုက်စိုက်ပျိုးသည့် သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း အသေးစိတ်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာရှိ ကုန်းမြင့်လယ်ယာဘက်စုံသုံးခန်းမ အလျား - ၆၀ ပေ၊ အနံ ၊ ၃၀ ပေ၊ အမြင့် - ၁၂ ပေ RC တစ်ထပ် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး ပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။   

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လဟယ်မြို့၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် လဟယ်-လောင်ကျန်း၊ နောက်ကုန်း- တိုက်ရံ-လန်ထိန်လမ်းရှိ အရှည် - ၂၀ ပေရှိ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် လဟယ်မြို့နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်နှင့် အပန်းဖြေနိုင်စေရန်အတွက် တစ်ရက်လျှင် ရေဂါလံ ၁၅၀၀၀၀ ခန့် ထွက်ရှိသည့်စိမ်းစမ်းရေအား ဆည်ပိတ်ကာ ပြန်လည်တူးဖော်ခဲ့သည့် အကျယ် ၃ ဧကကျော်နှင့် အနက် ၁၂ ပေရှိ ရေဂါလံ ၉၈ သိန်းကျော် သိုလှောင်ထားနိုင်သည့် မိုးဒါန်းကန်အား မြို့နေပြည်သူများ အပန်းဖြေအနားယူနိုင်သည့် သာယာလှပသော အနားယူလည်ပတ်ရန်နေရာအဖြစ် တိုးမြှင့်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)