မိုးညိုမြို့နယ်၌ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်စွာ ထွက်ရှိနိုင်ရန်အတွက် အကွက်ကျယ်စံပြကွက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆွေးနွေး

မိုးညို နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်စွာထွက်ရှိနိုင်ရန် အကွက်ကျယ်စံပြကွက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဖုန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြိုင်က မတ်ပဲသီးနှံ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် အထွက်နှုန်းများတိုးတက်စေရန် ဆောင်ရွက်ရမည့် နည်းပညာများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူး ဒေါ်ညိုညိုသိမ်းက အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရန် လိုက်နာဆောင်ရွက်ရမည့် နည်းပညာများ၊ သာယာဝတီခရိုင် ဆီဇုန်တာဝန်ခံ ဦးအောင်တင်ထွန်းက နှမ်းသီးနှံ ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်များ၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်‌ကေသွယ်ဝင်းက မျိုးကောင်းမျိုးသန့် သုံးစွဲရေးနှင့် တောင်သူများ တစ်ပိုင်တစ်နိုင် မျိုးထိန်းသိမ်းရေးနည်းပညာများ၊ ခရိုင်မြေအသုံးချတာဝန်ခံ ဦးသော်ဆန်းမင်းက မြေဆီလွှာနှင့်သီးနှံများအာဟာရဆိုင်ရာနည်းပညာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်ဆက်)