ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကျင်းပ

လွိုင်ကော် နိုဝင်ဘာ ၂၄

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များနှင့် ရေဘေးကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း မိမိတို့အားလုံး စည်းလုံးညီညွတ်စွာ ကြိုးစားကျော်ဖြတ်နိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းများ လုံခြုံရေး၊ နေထိုင်ရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေမှုရှိစေရန် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့်အချိန်ဖြစ်သည့်အတွက် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း ပုံမှန်အခြေအနေထက်လုပ်ငန်းများကို ပိုမိုကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ပြည်နယ်အတွင်း ရောက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီများ ချီးမြှင့်ပေးအပ်ရာ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။ တက်ရောက်လာကြသည့် ဝန်ထမ်းများမှ ဆောင်ရွက်ပေးစေလိုသည်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ ဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ယနေ့ ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း ရောက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း(၃၇၃၀)ဦးအတွက် ဆန်(၉၃၂.၅၀)အိတ်နှင့် ဆီ (၁၈၆၅)ပိဿာ ချီးမြှင့်ပေးအပ်ခဲ့ပြီး စုစုပေါင်းတန်ဖိုးအားဖြင့် ကျပ် (၁၃၇၄၅၀၅၀ဝိ/-) ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)