မကွေး နိုဝင်ဘာ ၂၄
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးသူငယ်များကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွား၊ သေဆုံးမှု လျော့နည်းကျဆင်းစေရန်ရည်ရွယ်ပြီး ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် တိုးချဲ့ထိုးနှံဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်မကျော်သော ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးအား ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ် မကျော်သော ကျောင်းသူ(၇၉)ဦးအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကာ၊ ကာကွယ်ဆေးထိုးနှံသူ ကျောင်းသား၊ ကျောင်းသူလေးများအား စားသောက်ဖွယ်ရာမုန့်များ ပေးဝေခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ