အောင်လံ ဇန်နဝါရီ ၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ မြို့နယ်လူငယ်ရေးရာ ကော်မတီအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Cmmunity Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ ဒု−ဥက္ကဋ္ဌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီဝင်များမှ မြို့နယ်အဆင့် မသန်စွမ်း အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေးနှင့် စာသင်ကျောင်းများ၌ စာဖတ်ဝိုင်းများ စီစဉ်ဆောင်ရွက်နိုင်ရေး၊ အသက်မပြည့်သေးသော ကျောင်းသား/သူများ ဆိုင်ကယ်စီးနင်းနေမှုတို့အား တားဆီး ဆောင်ရွက်နိုင်ရေးတို့ကို တင်ပြဆွေးနွေးကြရာ လူငယ်ရေးရာကော်မတီ၀င် ဌာနဆိုင်ရာများ ဖြစ်ကြသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ မီးသတ်ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့မှ မြို့နယ်အဆင့် တာဝန်ရှိသူများက ၎င်းတို့၏ဌာနအလိုက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)