ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ဘားအံ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး ရပ်ကွက်/ကျေးရွာများ၊ အထင်ကရနေရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်သိပ္ပံနှင့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အခါအားလျှော်စွာ စုပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်ပရိဝုဏ်အတွင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တောင်ကလေးတိုးချဲ့မြို့ပြအိမ်ရာစီမံကိန်းအနီးရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မကြာမီကာလအတွင်း အစိုးရစက်မှုလက်မှု သိပ္ပံ(ဘားအံ)ကို ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် စာသင်ခန်း၊ စာသင်ဆောင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေ၊ မီး၊ မိလ္လာများ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ကျောင်းပရိဝုဏ်အတွင်း/အပြင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ပေးကြရန်နှင့် ကျောင်းနေပျော်၍ ပညာတော်သော ကျောင်းသား၊ ကျောင်းသူများဖြစ်စေရန် အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ)အား သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အမျိုးသား/အမျိုးသမီး တင်းနစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ်တင်းနစ်အသင်းနှင့် မွန်ပြည်နယ်တင်းနစ်အသင်းတို့၏ ချစ်ကြည်ရေးလက်ရည်စမ်းပြိုင်ပွဲကို ကြည့်ရှုအားပေးကြရာ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်တင်းနစ်အသင်းနှင့် မွန်ပြည်နယ်တင်းနစ်အသင်းတို့၏ လက်ရည်စမ်းပြိုင်ပွဲနှင့် သရုပ်ပြလက်ရည်ပြိုင်ပွဲတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)