မုံရွာ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ ရိုးရာပြတိုက်တွင် ကျင်းပပြုလုပ်သည့် လဟယ်မြို့၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက ယခင်နှစ်များ၏ အတွေ့အကြုံကောင်းများအား ရယူကာ ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှသာ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ပြီး ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တင်ဒါလုပ်ငန်းများဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများအား သက်မှတ်ကာလအတွင်း စီချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် အပြီးတည်တည်ဆောက်သွားရေးအား သက်ဆိုင်ရာတာဝန်ရှိသူများမှ မြေပြင်အထိကွင်းဆင်းစီစစ် ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌက မြို့၏ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စားရေရိက္ခာဖူလုံရေး၊ ၂၀၂၅-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဆိုင်ရာအချက်အလက်များအားလည်းကောင်း ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက ၂၀၂၅-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ ဆောင်ရွက်နေမှုအခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ လဟယ်မြို့ရှိ ဌာနဆိုင်ရာများနှင့် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကော်မတီများအလိုက် မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ၂၀၂၅-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လဟယ်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ်-၁၀သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လဟယ်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ငွေကျပ်သိန်း - ၁၀ အားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက လဟယ်မြို့ရှိ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ် - ၁၀ သိန်းတို့အားလည်းကောင်း ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နာဂဒေသအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက်အသေးစားရေအား လျှပ်စစ်စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေးမှ လက်ထောက်ညွှန်ကြားရေးမှူးက ဟွေထိုက်အသေးစား ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးကောင်းမွန်စွာဖြင့် စံချိန်စံညွှန်းမီကာသက်မှတ်ကာလတွင် အချိန်မီပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများလုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟွေထိုက်အသေး စားရေအားလျှပ်စစ်စီမံကိန်း ပင်မတမံ၊ ရေသွယ်မြောင်း၊ ရေလွှဲရေထုတ်ပြွန် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လဟယ်မြို့ရှိ ဟွေထိုက်အသေးစားရေအား လျှပ်စစ်စီမံကိန်းသည် ဟွေထိုက်ချောင်းပေါ်တွင် ရေထိန်းတမံတစ်ခုတည်ဆောက်၍ ရေသိုလှောင်ပြီး ရရှိလာမည့် ရေအားအမြင့်ကိုအသုံးပြလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိလျှပ် စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ကာ နှစ်စဉ်လျှပ်စစ်ဓါတ်အား ၂၀.၃၁၈ ကီလိုဝပ်နာရီ သန်းပေါင်းအား ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လဟယ်မြို့နှင့် အနီးဝန်းကျင်ကျေးရွာများအား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)