ဘားအံ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဘားအံပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်း ၃၆၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမော်နိုင်ထွန်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရ၊ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းတို့က သဘာဝဘေးအန္တရာယ်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်၊ အမျိုးသမီးများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝအခြေပြုဘေးအန္တရာယ်လျော့ပါးစေရေး စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ကြပြီးနောက် အသိပညာပေး မှတ်တမ်းဗီဒီယိုများ ပြသပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)