ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၇) သို့ တက်ရောက်မည့် သင်တန်းသားများအား တွေ့ဆုံအားပေး

ဘားအံ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၇) သို့ တက်ရောက်ကြမည့် သင်တန်းသားများအား သင်တန်းစုရပ်နေရာ၌ သွားရောက်တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှသင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် အားထုတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း သင်တန်းကာလအောင်မြင်စွာပြီးဆုံးရေး၊ သင်တန်းသားများစည်းမျဉ်းစည်းကမ်းများနှင့်အညီ သင်တန်းတက်ရောက်နိုင်စေရေးအတွက် လိုအပ်သည့်အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၇) သို့ တက်ရောက်ကြမည့် သင်တန်းသားများအတွက် စုစုပေါင်းငွေကျပ်သိန်း (၅၀) ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သင်တန်းသားများအားတစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)