တိုင်းဒေသကြီးဝန်ကြီးချုပ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၃     

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်း အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ မူလတန်းကြိုကျောင်း အဆောက်အဦဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ပန္နက်တင်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်တင်မည့် သတ်မှတ်နေရာများတွင် နေရာယူပြီးနောက် မင်္ဂလာအချိန်ရောက်ရှိသည်နှင့်တပြိုက်နက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဦးဆောင်ကာ ပန္နက်တင်ခဲ့ကြပြီး  အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကြသည်။ ယင်းနောက် ရှင်းလင်းဆောင်တွင် ကန်ကြီးထောင့်မူလတန်းကြိုကျောင်း ဆောက်လုပ်မည့် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက အဆောက်အဦဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆောက်အဦအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမသို့ သွားရောက်၍ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ တိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျူဒို၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ ဗိုဗီနမ်နှင့် လက်ဝှေ့အားကစားများမှ အားကစားနည်းတစ်ခုချင်းစီအလိုက် လက်ရည်စစ်ယှဉ်ပြိုင် နေမှုများနှင့် သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအတွက်  အာဟာရဖြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍  မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ဆရာ၊ ဆရာမများအား တွေ့ဆုံနှုတ်ဆက်အားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ပြီးစီးသည့် ကလေးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ ဆရာ၊ ဆရာမများအား ဒေသထွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးတွင် (၁၈.၁၁.၂၀၂၄)ရက်နေ့မှ (၂၂.၁၁.၂၀၂၄) ရက်နေ့အထိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ(၉၆)ဦးအား ခွဲစိတ်ကုသပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အားကစားအဖွဲ့များအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအသင်းများမှ မိတ်ဆက်တင်ပြခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အားကစားအဖွဲ့ ခေါင်းဆောင် လူမှုရေးရာဝန်ကြီးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စခန်းသွင်းလေ့ကျင့် နေစဉ်ကာလများတွင်  အားကစားသမားများကို တွေ့ဆုံအားပေးခြင်းများပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အောင်မြင်မှုများရရှိရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကိုလည်း သက်ဆိုင်ရာ အားကစားနည်းအလိုက် တာဝန်များပေးအပ်ခဲ့ပြီး ကြီးကြပ်ဆောင်ရွက်စေခဲ့ပါကြောင်းနှင့် စခန်းသွင်းလေ့ကျင့်သည့် နေရာများကိုလည်း သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်းသည် တစ်နှစ်ထက်တစ်နှစ် အဆင့်မြင့်မားရန်နှင့် မိမိတို့မျှော်မှန်းထားသည့် အဆင့်များရောက်အောင် အားကစားသမားများအနေဖြင့် ကြိုးစားယှဉ်ပြိုင်ကြရမည် ဖြစ်ပါကြောင်းနှင့် ရရှိသည့်အချိန်တွင် စနစ်တကျကြိုးစားလေ့ကျင့်ရမည် ဖြစ်ပါကြောင်း၊ အားကစားသမားများအားလုံး တိုင်းဒေသကြီး၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်မည်ဆိုသည့် စိတ်ဖြင့်တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ ရေကုန်ရေခမ်း ကြိုးစားယှဉ်ပြိုင်သွား ကြရန်လိုပါကြောင်း၊ အားကစားနည်းများအလိုက် စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကိုယ်စီကိုယ်စီ ဆုတံဆိပ်များရရှိအောင် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုပါကြောင်း” တိုက်တွန်းအမှာစကား ပြောကြားပြီး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေတစ်ဦးလျင် ကျပ်တစ်သိန်းနှုန်းဖြင့် အုပ်ချုပ်/နည်းပြ/ ကစားသမား/ရုံးအဖွဲ့ (၅၅၄) ဦးအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအားကစားအဖွဲ့ခေါင်းဆောင် လူမှုရေးရာဝန်ကြီးက လက်ခံရယူခဲ့သည်။   

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အုပ်ချုပ်၊ နည်းပြ၊ ကစားသမား၊ ရုံးအဖွဲ့ (၅၅၄)ဦး သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။

လှမင်းထွဋ်(ပြန်/ဆက်)