ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံကုလားပဲ ဧက(၁၀၀) ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တောင်သူပညာပေးဆွေးနွေးပွဲ ပြုလုပ်

ပွင့်ဖြူ နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)နှင့် ပြည့်လျှံသဘာဝ မြေဩဇာထုတ်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းပြီး ဆောင်းသီးနှံကုလားပဲ ဧက(၁၀၀) ကန်ထရိုက် လယ်ယာစနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဌ ဦးမြင့်အောင်က ဆောင်းသီးနှံ စိုက်ပျိုး ရာသီတွင် ကုလားပဲသီးနှံ ဧက(၁၀၀) ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်ရန် ကိစ္စရပ်များ ၊ သီးနှံများ စိုက်ပျိုးရာတွင် ထုတ်လုပ်သူရော စားသုံးသူပါ အစားအစာ ဘေးကင်းလုံခြုံသောသီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် ကိစ္စရပ်များ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော သွင်းအားစုပစ္စည်းများနှင့် ပတ်သက်ပြီး တောင်သူများစုပေါင်း၍ ပြည့်လျှံသဘာဝမြေဩဇာ ထုတ်လုပ်ရေးကုမ္ပဏီနှင့် (Collective Buying) ကုမ္ပဏီတို့မှ မြေဩဇာနှင့် စိမ်းလန်းစိုပြည် ရွက်ဖျန်းအားဆေးများ ဝယ်ယူနိုင်မည့်အခြေအနေများကို  ချပြရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက ဆောင်းသီးနှံ ကုလားပဲ ဧက(၁၀၀) ကန်ထရိုက် လယ်ယာစနစ် အကောင်အထည်‌ဖော်ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် ရရှိနိုင်မည့် အကျိုးခံစား ခွင့်များ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သော သွင်းအားစုပစ္စည်းများ ဝယ်ယူနိုင်မည့် အခြေအနေများကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲသို့ ဇီးတောကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ တောင်သူ အကျိုးဆောင်အသင်းကော်မတီဝင်များနှင့် ဒေသခံတောင်သူ (၁၅၀)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )