ဓနုဖြူ နိုဝင်ဘာ ၂၃
ဧရာဝတီဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်ယဉ်ဆွေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ပညာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အောင်မျိုးစိန်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပညာ့ဗိမာန်ခန်းမ၌ အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာ အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူ သူများက “အလှဆုံးပန်းများ ပွင့်ကြပြီ” သီချင်းဖြင့်အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အဖွင့်အမှာစကား ပြောကြားပြီး ဓနုဖြူမြို့နယ်ရှိ ကျေးရွာစာကြည့်တိုက် ၁၂ တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများက "မြန်မာပြည်မှာ စာပဒေသာဝေဆာစေ"သီချင်း၊ "ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့ "သီချင်း၊" ထိန်းသိမ်းစို့လေစာပေအမွေ"သီချင်း၊ "ယဉ်ကျေးမှုစာပေအမွေ"သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် ဧည့်သည်တော်များက စာပေပြိုင်ပွဲများ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ လှပသာယာ ပြည်မြန်မာ ဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ဌာနဆိုင်ရာပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး အဆိုပါစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နိုဝင် ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၂ ရက်အကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)