မြောင်းမြ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉း၃၀) နာရီအချိန်က ကညင်ကုန်းကျေးရွာအုပ်စု၊ တောင်ပေါ်စုကျေးရွာ အ.ထ.က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်အောင်ဌေး မှ “မီးခိုးမြူငွေ့လျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့နည်းသက်သာစေရေး’’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးသန်းနိုင်မှ “သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြပြီး ကျောင်းသား/သူများမှ သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြောင်းမြမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကညင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ စုစုပေါင်း (၁၆၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ(မြောင်းမြ)