တောင်ငူ နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နတ်စင်ကုန်းအခြေခံပညာအထက်တန်းကျောင်း၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
ရှေးဦးစွာ နတ်စင်ကုန်း အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိ ဗိုလ်မှူး နိုင်မျိုးက အဖွင့်အမှာစကား ပြောကြားပြီး တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲဝင်းက “ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ အကျိုးဆက်များ၊ ကမ္ဘာနှင့် မြန်မာနိုင်ငံ၏ သစ်တောသယံဇာတများပျံ့နှံ့မှု၊ သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊ ဒီရေသစ်တောများအကြောင်း၊ မှန်လုံအိမ်ဓာတ်ငွေ့များ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုများပြားလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်ခြင်း၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့် အကြောင်းအရင်း၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို အသိပညာပေး ဟောပြောဆွေးနွေးသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ နတ်စင်ကုန်းအခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)