တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များ၏ လှုဒါန်းပစ္စည်းများအား လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၃) ခုသို့  ထောက်ပံ့ပေးအပ်

လွိုင်ကော် နိုဝင်ဘာ ၂၃

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှတစ်ဆင့် လွိုင်ကော်မြို့ ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုသို့ ပေးပို့လှူဒါန်းခဲ့သည့် အဝတ်အထည်၊ စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၊ ဥတ္တရာရုံ ပရိယတ္တိစာသင်တိုက်နှင့် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခု၌ ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးက “ရေဘေးသင့်ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နေ့စဉ်ချက်ပြုတ်စားသောက်နိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နီးစပ်ရာ ရေဘေးလွတ်နေရာများ၌ နေထိုင်သူများအားလည်း ထောက်ပံ့ပေးလျက်ရှိကြောင်းပြည်နယ်ဝန်ကြီးချုပ်၏ ကြီးကြပ်မှုဖြင့် ပြည်တွင်းပြည်ပမှ စေတနာရှင် အလှူရှင်များက လှူဒါန်းထောက်ပံ့သည့် ပစ္စည်းများအားလုံးကို ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ မျှမျှတတရရှိစေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေများပြန်လည်ကျဆင်းချိန် မိမိတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ပြန်လည်လုပ်ကိုင်ကြရန်လိုကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့  စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်တွင်းမှအလှူရှင်များက ပေးပို့လှူဒါန်းသည့် အဝတ်အထည်၊ စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများနှင့် ကျောင်းသုံးဗလာစာအုပ်များ စုစုပေါင်း (၂၆၅) မျိုး၊ စုစုပေါင်းတန်ဖိုးကျပ် (၇၉.၀၁၅) သန်းအား စခန်း (၃) ခုရှိ  ရေဘေးသင့်အိမ်ထောင်စု (၁၅၃) စု ၊ လူဦးရေ (၅၀၃) ဦးထံ လက်ဝယ်အရောက် အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုဇင်(ပြန်/ဆက်)