ဖြူး နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာများ သိရှိစေရေးအတွက် ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အ.ထက (၁) ကျောင်း၊ ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်ကျော်မိုးက ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းကိုလည်းကောင်း၊ တောအုပ်ကြီး ဦးဇေလရောင်က ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များနှင့် သစ်တောသစ်ပင်များ၏ အရေးပါမှုအကြောင်းကိုလည်းကောင်း ဟောပြောကြသည်။
ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမများ၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြရာ မြို့နယ်သစ်တောဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား စာရေးကရိယာများ လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)